မြန်မာနိုင်ငံဟာ တစ်ချိန်တုန်းက သူခိုးမရှိတဲ့နိုင်ငံလို့ ရွှေထီးဆောင်းခဲ့ဖူးတယ်။ ဒီလို ပြန်ပြောင်းပြောရတာက ရှေးမြန်မာတွေကို လက်ရှိမြန်မာတွေအားကျစေချင်လို့ပါ။ အတိတ်ကို လှမ်းတူးနေတာ မဟုတ်ပါဘူး။

တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။
“ဗုဒ္ဓဘာသာကို ရဲ့ တရားတော်ဟာ အလွန်နူးညံ့သိမ့်မွေ့လွန်းတယ်။ ဥပမာကွာ မင်းလက်ထဲမှာ ထောင်တန်နှစ်ရွက်ရှိတယ်။ ဒါနဲ့ မင်းက တစ်ထောင်တန်ပစ္စည်းတစ်ခုကို ၀ယ်လိုက်တယ်။ မင်းဆီမှာရှိနေတဲ့ ထောင်တန် နှစ်ရွက်မှာ တစ်ရွက်က နွမ်းနေတယ်။ တစ်ရွက်က သစ်နေတယ်။ အဲဒီမှာ မင်းက ထောင်တန် အနွမ်းလေးကိုပဲ ပေးလိုက်တယ်။ အဲဒါ အကုသိုလ်ဖြစ်တယ်ကွ။ သူ့ကို အကောင်းမရစေချင်တဲ့ စိတ်က မင်းကို အနိုင်ယူသွားတယ်။ မင်းကားစီးတဲ့အခါမှာဆိုရင်လည်းကွာ မင်းက နေရာကို ကျယ်ကျယ်လွင့်လွင့်လေးလိုချင်တာနဲ့ ပေါင်ကာ နည်းနည်းလေးကားပြီး စီးလိုက်တယ်။ ဘေးလူက နေရာနည်းနည်းကျူံ့သွားတယ်ပေါ့ကွာ။ အဲဒါလည်း မင်းအကုသိုလ်ဖြစ်တယ်ကွ”
. . . တဲ့။

ဒီနေ့ အဖြစ်အပျက်နှစ်ခုကို ဆက်တိုက်ကြုံလိုက်ရတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင် တစ်ခုမှာ အမြဲထိုင်တတ်ပါတယ်။ အပျင်းကြီးတဲ့ ကျွန်တော့်အတွက် အိမ်ရှေ့ထွက်လိုက်တာနဲ့ လက်ဘက်ရည်ဆိုင်ကို ခလုတ်တိုက်ပါတယ်။ အဲဒီ ခလုတ်တိုက်တဲ့ ဆိုင်မှာပဲ ကျွန်တော် နေ့တိုင်းထိုင်ပါတယ်။ သိပ်မကြာသေးခင်က ကျွန်တော် ထိုင်နေတုန်း သူတို့က အနီးအဝေး ဖုန်းခေါ်နိုင်သည်လေးရှိတော့ ဖုန်းမြည်တယ်။ ဟိုဘက်က တစ်ယောက်ယောက်ကို လှမ်းခေါ်ခိုင်းတယ်။ ဘွားတော်ဖုန်းထဲကို ပြန်ပြောလိုက်တာက “ အဲဒီကောင်ကို လုံးဝ ခေါ်မပေးနိုင်ဘူး၊ ဆက်စရာရှိရင် ဒီမှာ မဆက်ဘူး” …ဂွတ် ဆိုပြီး ဖုန်းကို ခပ်ပြင်းပြင်းလေး ဆောင့်ချလိုက်တယ်။

ဒီမနက်တော့ ကျွန်တော်က စီးကရက်ကို ဘူးလိုက်ဝယ်ထားတဲ့အတွက် သူတို့ဆိုင်က စီးကရက်ကို မမှာပါဘူး။ ခါတိုင်းသူတို့ဆိုင်က မှာသောက်လည်း စားပွဲထိုးကောင်လေးကို မီးညှိခိုင်းနေကျပါပဲ။ ဒီနေ့တော့ ကိုယ့်ဗူးထဲက ကိုယ်ထုတ်ပြီး မီးညှိခိုင်းလိုက်တာပေါ့။ ကျွန်တော် ကြားဖြစ်အောင် ကြားလိုက်တာလား။ ဒါမှ မဟုတ် ကျွန်တော် ကြားအောင် သက်သက်မဲ့ ပြောလိုက်တာလားမသိပါဘူး။
“နောက် အပြင်က ယူလာတဲ့ ဆေးလိပ်ကို လုံးဝမီး မညှိပေးနဲ့” … တဲ့။

လူတွေကို ဆင်းရဲစေတာ မွဲတေစေတာ နာတာရှည်စေတာ ရုပ်ဆင်းအင်္ဂါချို့တဲ့စေတာ အဆင်းမဲ့စေတာ ရုပ်အင်္ဂါချို့တဲ့စေတာ ဂုဏ်ယုတ်စေတာ အခြွေအရံနည်းစေတာ ရှိတဲ့ စည်းစိမ်ကို အပြည့်အ၀ မခံစားနိုင်တာ ဒီမစ္ဆရိယကြောင့်သာ လို့ သူတို့ သိခဲ့ရင်. . .။