တစ်နေ့တော့ လေဒီယိုနားထောင်ရင်း မုန်တိုင်း သတင်းတစ်ခုကြားလိုက်တယ်။ မုန်တိုင်းသတင်းကို ကြေငြာပြီးခါနီးလေးမှာ ကြေငြာတဲ့သူက ဘာပြောလဲဆိုတော့ “မုန်တိုင်းဟာ အ၀ါရောင် အဆင့်မှာပဲ ရှိသေးကြောင်း သိရပါတယ်” တဲ့။ ဟာ... အ၀ါရောင် မုန်တိုင်း။ ဘာလဲ ဘာလဲပေါ့။

 

အ၀ါရောင် မုန်တိုင်း

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ အပူပိုင်း မုန်တိုင်း စတင်ဖြစ်ပေါ်ချိန်ကို အ၀ါရောင် မုန်တိုင်း ဟု ခေါ်ပါတယ်တဲ့။ အ၀ါရောင်မုန်တိုင်းဖြစ်နေရင် မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီမှာ တစ်နာရီကို နှစ်ကြိမ်မှ သုံးကြိမ် ကြေငြာပေးမှာဖြစ်ကြောင်းပါတဲ့ခင်ဗျာ။

 

လိမ္မော်ရောင် မုန်တိုင်း

အပူပိုင်းမုန်တိုင်းဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းသို့ ရွှေ့လျှားလာသည့်အချိန်အခါကို လိမ္မော်ရောင်မုန်တိုင်း အဖြစ်သတ်မှတ်ပါတယ်တဲ့။ အဲဒီ လိမ္မော်ရောင်မုန်တိုင်းဖြစ်ပေါ်ရင် မြန်မာ့ရုပ်သံ၊ မြ၀တီနှင့် MRTV 4 မှာ အချိန်နဲ့ တပြေးညီ စာတန်းထိုးပါမယ်၊ တစ်နာရီမှာ သုံးကြိမ်မှ လေးကြိမ်ကြေငြာပါမယ်တဲ့။

 

အနီရောင် မုန်တိုင်း

မြန်မာ့ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ ၁၂း၀၀ နာရီအလို မုန်တိုင်းအဆင့်ကို အနီရောင်မုန်းတိုင်း အဖြစ် သတ်မှတ်ပါတယ်တဲ့။ မြန်မာ့ရုပ်သံ၊ မြ၀တီနှင့် MRTV 4 မှာ အချိန်နဲ့ တပြေးညီ စာတန်းထိုးမှာဖြစ်ပြီး တစ်နာရီကို လေးကြိမ်မှ ခြောက်ကြိမ်ကြေငြာပါမယ်တဲ့။ ကြေငြာတဲ့အခါ မုန်တိုင်းအဆင့်၊ မုန်တိုင်းတည်နေရာ၊ မုန်တိုင်းလမ်းကြောင်း၊ မိုးရွာသွန်းမည့်အခြေအနေ၊ လေပြင်မြေပြင် လေတိုက်နှုန်းစသည်ကိုပါ တစ်ပါတည်း ကြေငြာမည်ဖြစ်ကြောင်းပါတဲ့။

 

အညိုရောင် မုန်တိုင်း

မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းဝင်ချိန်ကို အညိုရောင်မုန်တိုင်းအဖြစ် သတ်မှတ်ပါတယ်တဲ့။ မြန်မာ့ရုပ်သံ၊ မြ၀တီနှင့် MRTV 4 မှာ အချိန်နဲ့ တပြေးညီကြေငြာမည်ဖြစ်ပြီး တစ်နာရီလျှင် အနည်းဆုံး ခြောက်ကြိမ်အထိ မုန်တိုင်းအဆင့်၊ မုန်တိုင်းတည်နေရာ၊ မုန်တိုင်းဆက်လက်ရွှေလျားမည့်လမ်းကြောင်း၊ မိုးအခြေအနေကို ကြေငြာသွားပါမည်တဲ့။

 

အစိမ်းရောင် မုန်တိုင်း

မုန်တိုင်း ကင်းရှင်းသွားချိန်ကို အစိမ်းရောင်မုန်တိုင်းဟု သတ်မှတ်ပါကြောင်းပါတဲ့ခင်ဗျာ။ အထက်က ဟာတွေမှာ တစ်နာရီကို သုံးကြိမ်ကြေငြာပါမည်တဲ့။

 

မြန်မာနိုင်ငံ ဇလဗေဒဌာန