မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား
ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု
ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့်
သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင်
အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍
ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီး သန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌
ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။
အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက
စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ
ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ်
ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား
ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို
အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ
မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။
ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍
မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ
မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော
သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို
လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့်
မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင်
ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ
မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး
လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။
မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား
ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက်
ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ်
သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို
အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော
ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့်
ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို
အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက်
ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန်
အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။