မည်သည့်လ၌မဆို (၂) ရက် (၁၁) ရက်၊ (၂၀) ရက် (၂၉) ရက်နေ့၌ ဖွားမြင်သောသူများ

 

(၂) ဂဏန်း၏ သဘောမှ စိတ်ကူးစိတ်သန်း၊ စိတ်ကူးယဉ်မှု၊ အနုပညာလွန်ကဲမှု၊ စိတ်သဘာဝလွန်ကဲမှုကို ပြဆို၏။ စိတ်ပိုင်းဆိုင်ရာ သာလွန်သဖြင့် ပန်းချီ၊ ဂီတ၊ ကဗျာ၊ စာပေတို့နှင့် ပိုမိုသက်ဆိုင်သည်။ အစစ အရာရာ နူးညံ့သိမ့်မွေ့ စွာပြုမူနေထိုင်တတ်၏။ စိတ်ကူးသာရှိပြီး အကောင်အထည် မပေါ်သည်က များ၏။

 

အနုပညာဉာဏ်ရှိသော်လည်း စိတ်ကူးယဉ်လွန်းခြင်း၊ သီချင်း၊ ကဗျာ၊ လင်္ကာ၊ ပန်းချီတို့၌ ကြည့်ရှုရရုံမျှနှင့် ကြည်နူးနေတတ်ခြင်း၊ လွမ်းဆွေးနေတတ်ခြင်းတို့ကြောင့် အကောင်အထည် ပေါ်ခဲသောသူဖြစ်၏။ တည်ငြိမ်သော စိတ်ထားမရှိဘဲ လွင့်ပါးနေသော စိတ်ကြောင့် အလုပ်အကိုင် မကြာခဏပြောင်းရွှေ့တတ်၏။ မိမိအိမ်တွင်လည်း ပစ္စည်းပစ္စယများကို တစ်နေရာတည်း ထားလေ့မရှိဘဲ စိတ်ကူးရှိသလို ပြောင်းရွှေ့နေတတ်၏။ ခရီးသွားလာမှု၊ ရေကြောင်းခရီး၊ ပင်လယ်ပြင်သို့သွားခြင်းစသည့် ၀ါသနာပါ၏။ မကြာခဏ ခရီးသွားတတ်၏။

 

(၂) ဂဏန်းသမားများသည် စိတ်နေသဘောထား အတက်အကျမြန်မှုကြောင့် အလုပ်အကိုင် ပုံသေမရှိသည်က များ၏။ ဉာဏ်ရည်ဉာဏ်သွေးက သူတပါးထက် ပြောင်မြောက်တတ်၏။ မှတ်ဉာဏ်လည်း ထူးထူးခြားခြားကောင်း၏။ အတိတ်က ဖြစ်ရပ်များကို မေ့ပစ်သည်မရှိဘဲ စွဲစွဲမြဲမြဲရှိနေတတ်လေသည်။ ဆွေမျိုးသားချင်း မောင်နှမများပေါ်လည်း သံယောဇဉ် ကြီးမားတတ်သည်။ ၎င်းတို့စိတ်က နူးညံ့လွန်းသဖြင့် ထိခိုက်လွယ်သည်။ အနည်းအကျဉ်းဆူပူခံရလျှင်ကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး အစဉ်တွေးကာ ၀မ်းနည်းနေတတ်သည်။

 

ကြံရွယ်မျှော်မှန်းထားသည့် အနေအထားမရှိဘဲ စိတ်ကူးရှိသလိုသာ လုပ်ကိုင်တတ်၏။ ရည်ရွယ်ချက် အနည်းအငယ်ရှိသော်လည်း စိတ်ပျက်လွယ်ပြီး ခဏချင်းစွန့်ပစ်လိုက်တတ်၏။ အကြောင်းအရာတိုင်းကို ၀မ်းနည်းစရာအဖြစ်မှ ကြည့်ရှုပြီး ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းအရသာကို တမြေ့မြေ့ခံစားနေတတ်၏။

 

အချစ်ရေး အိမ်ထောင်ရေးတွင်လည်း ဘယ်တော့မှ စိတ်တိုင်းကျ မဖြစ်ဘဲ မကြာခဏ အဆင်မပြေဖြစ်နေတတ်၏။ အချစ်ရေးတွင် စိတ်ကူးယဉ်အချစ်ကို ပိုမိုနှစ်သက်ပြီး ချစ်သူ၏ ရက်စက်ခြင်းကို ခံရသည်ဟု မိမိကိုယ်ကို ယူဆကာ ၀မ်းနည်းခြင်း လွမ်းနေရခြင်းကို မိမိအလုပ်ဟု ပုံသေသတ်မှတ်ထားတတ်ပြန်၏။

 

အရှက်အကြောက်လည်းကြီး၏။ ဘာသာအယူဝါဒတို့တွင် စိတ်ဝင်စားတတ်၏။ မိမိကိုယ်ကို နှိမ့်ချတွေးတတ်၏။ (၂) ဂဏန်းသမားအများစုသည် အောင်မြင်သင့်သလောက် မအောင်မြင်ကြချေ။ ချွေတာစုဆောင်းမှုကို ၀ါသနာ ပါပြန်၍ ရှာဖွေမှုထက် စုဆောင်းမှုကို ပိုမိုအားသန်ပြန်၏။ ထို့ကြောင့် ၎င်းတို့သည် အတက်နှေး၏။ အကျနှေး၏။

 

(၂) ဂဏန်းသမားများသည် စာပေယဉ်ကျေးမှု အနုပညာတို့နှင့် သက်ဆိုင်လေသည်။ အလွမ်းအဆွေး စာရေးဆရာများ ဘ၀ကို အရှုံးပေးပြီး သနားစရာကောင်းသော ဇာတ်လိုက်များကို ဖန်တီးတတ်သော စာရေးဆရာ အဖြစ်များ၏။ ပန်းချီတွင်လည်း စိတ်ကူးယဉ်ပန်းချီဘက်တွင် ပို၍ အမည်ရတတ်၏။ တိုင်းပြည် လူမျိုးအကျိုးပြု ထက် ရသမြောက်ခြင်းကို ပိုမိုဦးစားပေး၏။

 

(၂) ဂဏန်းသမားများသည် စကားအရာတွင် အလွန်သိမ့်မွေ့စွာ ပရိယာယ်ကြွယ်၏။ ကိုယ်နေဟန်နဲ့ စကားပြောဟန်တို့သည် တစ်ဖက်သားကို ကျစေနိုင်၏။ ၎င်းတို့သည် စိတ်ကူးစိတ်သန်းကောင်းသူများ ဖြစ်သည့်အလျှောက် ၎င်းတို့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်လျှင် အောင်မြင်သော အနုပညာရှင်များ ဖြစ်ဖို့ များစွာ အလားအလာရှိ၏။

 

အဘိဓမ္မာပညာရပ်၊ စိတ်ပညာရပ်၊ ထူးဆန်းသော ၀ိဇ္ဇာပညာရပ်တို့တွင် တော်တတ်ကြလေသည်။ ရုပ်ပိုင်းဘ၀ထက် စိတ်ပိုင်းဘ၀ကို ပိုမိုဦးစားပေး လက်ခံကျင့်သုံး၏။

 

ကျောက်စိမ်းကို လက်စွပ်လုပ် ဆောင်ထားသင့်၏။ သင့်တော်သော အရောင်များမှာ အစိမ်းနု အစိမ်းရင့် အဖြူ မလိုင်နို့နစ်ရောင်တို့ဖြစ်၏။ အနက်ရောင် အညို ခရမ်း ကြက်သွေးရင့်ရောင်ပါသော အရာဝတ္ထုကို အထူးသဖြင့် ရှောင်ကြဉ်သင့်၏။ ၀မ်းဗိုက်နှင့် အစာအိမ်ရောဂါများဖြစ်တတ်၏။ အစာမကြေရောဂါ အစားပုပ်ပြီး အဆိပ်အတောက်ဖြစ်သော ရောဂါကို သတိထားသင့်၏။